Thursday, November 18, 2010

အချစ်ဆိုတဲ့စကားလုံး


တစ်ခါက အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရှိတယ်။ တစ်နေ့မှာ ကောင်လေးက အလုပ် ကိစ္စနဲ့ ဂျပန်နိုင်ငံကို သွားရတယ်။ ချစ်သူ ကောင်မလေး ကလည်း သူ့ချစ်သူ ကောင်လေးကို လေဆိပ်ကို လိုက်ပို့ ရှာတာ ပေါ့။ ကောင်မလေးက လေယာဉ်ပေါ်တက်ကာနီးမှာ ခုလို မှာရှာတယ်။
” ပြန်လာရင် ကြေးနန်း ကြိုပြီးရိုက်ပါနော်။ လေဆိပ်မှာ လာကြိုပါ့မယ် “..တဲ့။

 
ဒီလိုနဲ့ လေယာဉ်ကြီးက ထွက်ခွာလာခဲ့တယ်။ နောက် ဆယ်ရက်ခန့် အကြာမှာကောင်လေးလည်း လုပ်ငန်းကိစ္စတွေပြီးဆုံးသွားလို့ အိမ်အပြန် ခရီးအတွက် လေယာဉ်လက်မှတ်ဝယ်ရင်း ကောင်မ လေးဆီ လေဆိပ်မှာလာကြိုဖို့ ကြေးနန်းရိုက်ရမှာကို သတိရသွားတယ်။ အဲ့ဒီခောတ်က ခုလို email တွေ ၊ gtalk တွေ၊ vzoတွေ မပေါ်သေးချိန်ပေါ့ နော်။ ကြေးနန်းဆိုတာမျိုးက အတိုဆုံး၊ အထိရောက်ဆုံးနဲ့၊ အရေးကြီးဆုံးစကားလုံးတွေကို အသုံးပြုပြီး ရိုက်ရတာမျိုး မဟုတ်လား။ ကြေးနန်းခကလည်း အသုံးပြုထားတဲ့ စကားလုံး အရေ အတွက် နည်းရင်နည်းသလို၊ များရင်များ သလို ပေးရတာမျိုးပါ။
ဒါနဲ့ ကောင်လေးလည်း စာတိုက်ထဲဝင်လာပြီး ကြေးနန်းတစ်စောင် ကောက်ရေးလိုက်တယ်။ ကြေးနန်းရေးပြီး ကြေးနန်းခ ဘယ်လောက်ကြ သလဲ လို့ စာတိုက်က စာရေးမလေးကို မေးလိုက်တော့ ကျသင့်တဲ့ ကြေးနန်းရိုက်ခက သူ့လက်ထဲမှာ ကျန်နေတဲ့ ဂျပန်နိုင်ငံသုံးငွေနဲ့ မလောက်ငှတော့ ဘူး ဖြစ်နေတော့တယ်။
ဒါနဲ့.. သူစဉ်းစားလိုက်တယ်။ ပြီးတော့..
” ကျွန်တော့် ကြေးနန်းစာထဲက ..အချစ်ရေ.. ဆိုတဲ့ စကားလုံး ဘယ်နှစ်လုံးပါသလဲ ဆိုတာ ရေတွက်ပေးပါလားခင်ဗျာ “
စာရေးမလေးက ရေတွက်ကြည့်လိုက်ပြီး…
” အားလုံး ၇ လုံးပါနေပါတယ်ရှင် ” ..လို့ ဖြေလိုက်တယ်။
ဒါနဲ့ အမျိုးသားလည်း…
” ဒါဆို အားလုံးကို ဖြုတ်ပေးပါ ခင်ဗျာ။ ကျွန်တော်က နိုင်ငံခြားသား ဧည့်သည်ပါ။ နက်ဖြန်ပြန်မှာ ဆိုတော့ လက်ကျန်ငွေနဲ့ မလောက်ငှတော့လို့ပါ ။ အဲ့ဒီစကားလုံးတွေ ဖြုတ်လိုက်မယ်ဆိုရင်တော့ ကျသင့်ငွေ လုံလောက်သွားမယ် ထင်ပါတယ်” ..လို့ပြောလေတယ်။
အဲ့ဒီမှာ စာတိုက် စာရေးမလေးက..
” မဖြုတ်ပါနဲ့ရှင် ” ..လို့ပြောပြီး  သူမရဲ့လက်ကိုင်အိတ်ထဲက ယန်းငွေ အချို့ကို ထုတ်ယူ လိုက်ပြီး…
” အချစ်ရေ.. ဆိုတဲ့ စကားလုံး ၇လုံးအတွက် ကျသင့်ငွေကို ကျွန်မကပဲ စိုက်ပေးပါရစေရှင်။ ကျွန်မတို့မိန်းမသားတွေ အားလုံးဟာ နှုတ်က ထုတ် ဖော် မပြောကြပေမယ့် သူတို့ချစ်တဲ့ ယောကျာ်းတွေဆီက  ဒီလို စကားလုံးမျိုးကို အမြဲတမ်း မျှော်လင့် နေတတ်ကြသူတွေပါ။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဟာ ကျွန်မချစ်သူ ဆုံးပါးသွားတဲ့ နှစ်ပတ်လည်နေ့ပါ။ ဒီလိုနေ့မျိုးမှာ အရင်ကလို သူ့ဆီက အချစ်ရေ..လို့ ခေါ်တဲ့ အသံ မကြားနိုင်တော့ ပါ လားလို့ ထင်နေခဲ့မိတာ အခုတော့ ရှင့်ကို ကူညီ ခွင့်ရလိုက်တဲ့အတွက် ကျွန်မအနားမှာ သူက အချစ်ရေ..လို့ လာခေါ်နေသလို ခံစားလိုက်မိရပါ တယ်။ ဒီအတွက် ရှင့်ကို ကျွန်မ အထူး ကျေးဇူးတင်ပါတယ်ရှင်.. “
အချစ်ဆိုတဲ့အရာဟာ ထုတ်ဖော်ပြသဖို့ ၀န်မလေးသင့်တဲ့ အရာတစ်ခုပါ။ ချစ်သူတိုင်းဟာ သူတို့ ချစ်သူ တွေဆီကနေ ချစ်ပါတယ်ဆိုတဲ့ စကားလုံး ကို ဘယ်တော့မှ မရိုးပဲ အမြဲတမ်း ကြားချင်နေကြ သူများပါ။ မိမိရဲ့ အချစ်တွေကို ထုတ်ဖော်ပြသဘို့ ဘယ်တော့မှ ၀န်မလေး သင့်ပါဘူးနော်။ အဲ.. ချွင်းချက် တော့ရှိ တယ်။ ကိုယ့်ကို မချစ်တဲ့သူကိုတော့ ကိုယ့်ရဲ့ အချစ်တွေကို ဇွတ်ကြီးသွားဖော် ထုတ် ပြမနေနဲ့ဦးနော်။ တော်ကြာ အချစ်တွေ မရပဲ အမုန်းတွေသာ တစ်ပွေ့တစ်ပိုက်ရနေကြလို့ မြသွေးနီကို မေတ္တာတွေ နာနာ ပို့နေကြ ဦးမယ်။


No comments:

Post a Comment